ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ လက်ရိုက်အုတ်များ စျေးကောင်းရ၍ လက်ရိုက်အုတ်လုပ်ငန်း လုပ်ကိုင် လာသူများ များပြားလာကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်လွင် ထံမှ သိရသည်။
“ကျနော်တို့ အုတ်လုပ်ငန်းတွေကို ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ ရပ်နားထားရသော်လည်း ယခုပွင့်လင်းရာသီ ရောက်ရှိလာတော့ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်လာတာကြောင့် အုတ်လုပ်ငန်း လုပ်ကိုင်သူများလာပြီး အရင်က အုတ်ဖို ၃၀ ကျော်ရှိရာက ယခု အုတ်ဖို ၄၀ ကျော်အထိ လုပ်ကိုင်လာကြောင်း” အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်လွင်ကပြောသည်။ အုတ်လုပ်ရာတွင် ပထမအဆင့် မြေကိုပေါက်တင်ပြီး၊ မြေကိုရွှံ့စေးဖြစ်အောင်နင်း၍ တစ်ညသိပ်ထားရပါသည်။ ထို့နောက် ဒုတိယတစ်ကြိမ် ထပ်၍နင်းကာ မြေကိုနှပ်ထားပြီး လိုခြင်သည့် ဆိုက် ၁၀ လက်မ၊ ထုထည် ၃ လက်မခွဲ အုတ်ပုံစံခွက်နှင့် အုတ်ရိုက်ပြီး ထွက်လာသည့် အုတ်များကို လှည်းထိုးသယ်ယူရပါသည်။ လှည်းတစ်ခေါက်လျှင် အုတ်၂၀ လုံး သယ်ယူပြီး ၃ ရက်နေလှန်းပြီးပါက ၁၀ တိုင်တင်ကာ ၂ ရက် ထပ်မံနေလှန်း၍ အုတ်များကို ဆိုင်ပုံထိုးကာ မီးစတင်ထိုးရသည်။ မီးထိုး ၅ ရက်မှ ၆ ရက်အထိ မီးအပူချိန်မှန်အောင်ထိုးပြီး ၁ ရက်၊၂ ရက်ခန့် ဖိုအတွင်း အုတ်များကိုနှပ်၍ထားရှိကာ ဖော်ရပါသည်။ အုပ်ဖိုတစ်ဖိုတွင် လုပ်သား ၇ ဦး မှ ၁၀ ဦး အထိရှိပြီး တစ်ဦးလျှင် တစ်နေ့လုပ်အားခ ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် အထိ ရရှိကြသည်။ အုတ်တစ်လုံးလျှင် ၆၀ ကျပ် မှ ၇၀ ကျပ် အထိ ဈေးရရှိကြောင်းသိရသည်။ လက်ရိုက်အုတ် လုပ်ငန်းဖြင့် ရွာနှင့်ရွာဝန်းကျင်ရှိ ကလေး၊ လူကြီးများပါ မကျန် လုပ်ကိုင်နေကြကာ မိသားစုဝင်ငွေရပြီး အဆင်ပြေလျက် ရှိကြကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင်ပြန်/ဆက်)