မိုင်းခတ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တုံဖကော်ကျေးရွာအုပ်စု၊ နမ့်မွဲကျေးရွာ၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ၊ NGO အဖွဲ့ဝင်များ သွားရောက်ခဲ့ပြီး ကျေးရွာတွင် လိုအပ်သည့်ပစွည်းများ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် အမြွှာမိန်းကလေးနှစ်ဦးအတွက် လိုအပ်သော အာဟာရပြည့်နို့မှုန့်များ၊ အနွေးထည်များ၊ စောင်များ၊ ကလေးမိဘများအတွက် အနွေးထည်များကို အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ကလေးအတွက် လိုအပ်သည့် အားဆေးများနှင့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ကျေးရွာသူ/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပေးခြင်း၊ ကလေးငယ်များ ကာကွယ်ဆေးပုံမှန်ထိုးနှံ/ တိုက်ကျွေးပေးကြရန် အသိပညာပေးခြင်း၊ အမြွှာကလေးများ သိကောင်းစရာများအကြောင်းကို ဓာတ်ပုံ၊ဗွီဒီယိုများပြသပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက်သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၂၂)ဦးကို ဆေးဝါးများ အခမဲ့ကုသပေးခဲ့ ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)