မိုင်းခတ် မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု၊ နောင်ဖူကျေးရွာတွင် ယမန်နေ့၊ နေ့လယ် ၂ နာရီခန့်က လူနေအိမ်(၈)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းခတ်မြို့နယ်နှင့် ၄ မိုင်ခန့်အကွာ နောင်ဖူကျေးရွာ၏ အနောက်ဘက်တောင်ယာမီးရှို့သူ မသိရ(စိစစ်ဆဲ)မှ တစ်ဆင့် အဆိုပါကျေးရွာရှိ လူနေအိမ်(၈)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာနေ ပြည်သူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ဝါးထရံကာ အလျားပေ ၁၅၊ အနံ ပေ ၁၀၊ အမြင့် ပေ ၁၀ ရှိ ခြေတံရှည် လူနေအိမ်(၈)လုံး၊ စပါးတင်း(၂၀၀)ခန့်၊ မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရ သည်။
မိုးဒေ (ပြန်/ဆက်)