ငပုတော ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ မြေက်ပိုင်းရပ်ကွက်နေ အသက်(၄၈) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ အာရုံကြော အားနည်း ရောဂါဖြင့် ပုသိမ်မြို့၊ ကုတင် (၅၀၀) ဆေးရုံကြီးအဆောင်(၂)၊ အခန်း (၁) တွင် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
အဆိုပါအမျိုးသားမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆေးရုံမှ ဆင်းရမည်ဖြစ်ပြီး ၎င်းအားခေါ်ဆောင်နိုင်ရေး အတွက် ဇနီးဖြစ်သူမှာ ပုသိမ်မြို့သို့ သွားရောက်ခဲ့ကြောင်းသိရသည်။ အမျိုးသားဖြစ်သူ တက်ရောက် ကုသနေသည့် အဆောင်(၂)တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ အဆောင်(၂) ကို Lock Down ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှ အဆိုပါလူနာနှင့် ဇနီးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပါသည်။ ထို့ကြောင့် လူနာ၏အမျိုးသမီးနှင့် ဆက်စပ်ထိတွေ့ မှုရှိခဲ့သည့် မိခင်၊ သားဖြစ်သူနှင့် ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့သူတို့ကို ငပုတောမြို့ ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူ အမျိုးသားမှာ ပုသိမ်မြို့တွင် ဆေးကုသမှုခံယူနေဆဲနှင့် အမျိုးသမီးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခင်ပွန်းဖြစ်သူကို စောင့်ရှောက်နိုင်ရန်အတွက် ပုသိမ်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်(၁)တွင် ခေါ်ဆောင်ထားကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)