မိုင်းဆတ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို (၆)လ တစ်ကြိမ်ကျင်းပနိုင်ရေး၊ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အောင်မြင်စေရန် ပူးပေါင်း ဆောင်ရွက်ရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ အဖွဲ့အစည်းအတွင်း ပါဝင်ဆောင် ရွက်ခွင့်နှင့် ကလေးသူငယ်များအားလုံး အခွင့်အရေး တန်းတူရရှိစေရန် ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေး ကော်မတီအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှု ဝန်ထမ်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက ကလေး သူငယ်အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRC) နောက်ခံသမိုင်းကြောင်း၊ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာဥပဒေ (၂၀၁၉)ခုနှစ်တွင် အခန်း(၃၀) ပုဒ်မ (၁၂၁) ပါရှိပြီး ထိုဥပဒေတွင် အသက်(၁၈)နှစ်အောက်ကို ကလေး သူငယ်ဟုသတ်မှတ်ကြောင်း၊ ကလေး သူငယ် များတွင် အခြေခံအခွင့်အရေး(၄)ရပ်ရှိကြောင်း၊ ကလေးသူငယ် နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ပေးမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကလေး စစ်သားမရှိစေရေး၊ ကလေး သူငယ်များ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးနှင့် ကလေးသူငယ်များ တောင်းရမ်းခိုင်းစေမှုပပျောက်ရေး တို့ကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရန်နိုင်ထွန်း က ကလေးသူငယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးနှင့် ကလေး သူငယ်ဆိုင်ရာ မှုခင်းကြိုတင် ကာကွယ် တားဆီးရေးတို့ကိုလည်းကောင်း၊ အမှုဆောင်အရာရှိ ဦးအောင်သူက စားသောက်ဆိုင်များနှင့် လမ်းလုပ်ငန်းများတွင် ကလေးအလုပ်သမားများ ခိုင်းစေမှုမရှိရေး ကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်က ကလေး သူငယ်များအားလုံး မွေးစာရင်းများ မှန်ကန်စွာနှင့် အချိန်မီရရှိရေးကိုလည်းကောင်း ဆွေးနွေးတင်ပြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင််ဟိန်းကျော်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များအဖြစ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး သင်တန်းနှင့် ဟောပြောပွဲ များ ဆောင်ရွက်ရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အသိ ပညာပေးသင်တန်းများ ဖွင့်လှစ်ရေး၊ မူကြိုကျောင်းများနှင့် ပရဟိတဂေဟာများ စစ်ဆေးရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးနိုင်ရေး၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးများကော်မတီကို ပိုမိုအားကောင်း လာအောင်ဆောင်ရွက် ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)