မိုင်းယန်း ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်ရှိအတွင်း ကျေးရွာ(၂)ရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စုစုပေါင်း အရှည် ( ၄ )မိုင်ခန့်ရှိသော ကုန်ထုတ် လမ်း(၂)လမ်းအား ဖောက်လုပ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၁၉) သန်း ကျော်ဖြင့် မြို့နယ်အတွင်းရှိကျေးရွာ(၂)ရွာအား အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ရာ ယခုအခါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူမှုဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသက်လင်းထွန်းက ပြောသည်။
ထိုသို့ ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်းအောင်မြင်စွာဆောင်ရွက် ပြီးစီးပါက ကျေးရွာ(၂)ရွာရှိ စုစုပေါင်း အိမ်ခြေ(၁၁၁)အိမ်မှ လူဦးရေ(၇၉၁)ဦးခန့် ၏ သွားလာမှုနှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်နိုင်ရုံသာမက လယ်ယာဧက (၁၈၀)ကျော်မှ ထွက်ကုန်သီးနှံ များကို ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)