ပင်လောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားပြုလုပ်

ပင်လောင်း   ဒီဇင်ဘာ    ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းကျေးရွာရွေးချယ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ)မှ ဦးကိုကိုနိုင်၊  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများ က  ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအား  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းအတွက် ကျေးရွာနှစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)လုပ်ငန်းများဖြစ်သည့် ကျေးရွာအတွင်း ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများခင်းခြင်း၊ ရေပေးရေးအတွက် လျှပ်စစ်မီးလိုင်းနှင့် လျှပ်စစ်ထရန်စဖော်မာများ၊ ရေပိုက်၊ ရေစုကန်၊ ရေတားတမံ၊  အမြင့်တင်ရေပေးရေး လုပ်ငန်းများ၊ ကျေးရွာခန်းမဆောင်များ ဆောင်ရွက်မည့် ကျေးရွာ ၁၇ ရွာအား ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး