မိတ္ထီလာ သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းကျင်းပသည့် မြို့ပေါ်ရပ်ကွက်များနှင့် ရှမ်းတဲတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုတို့မှ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက် ၉နာရီခွဲက သီရိမင်္ဂလာရပ်ကွက် အောင်မင်္ဂလာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးနန္ဒကျော်သူက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမောင်မြင့်က ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်တင်မိုးလတ်က မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် မဲပေးပုံ၊ မဲပေးနည်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲသို့တက်ရောက်လာသော မြို့ပေါ်ရပ်ကွက် (၁၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက တစ်ဦးချင်းလက်တွေ့ စမ်းသပ်မဲပေးသည်။
မွန်းလွဲပိုင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို စက်မှူဇုန်ခန်းမတွင် ကျင်းပရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ခိုင်နွယ်ကမြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် မဲပေးပုံ၊ မဲပေးနည်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး ရှမ်းတဲ၊ ဇောင်းချမ်းကုန်း၊ ဆည်ကုန်း၊ လျှော်ဖြူကန်၊ ကဖြူ၊ ညောင်ကန်၊ ကန်သာ၊ ကျောင်းရွာ၊ မကျီးစုကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများက တစ်ဦးချင်း လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)