ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မဈေးရှေ့ မင်းလမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မြို့မဈေးသို့ မဖြစ်မနေလာရောက်၍ ဈေးရောင်း/ ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ပြီး ဈေးရောင်း/ ဈေးဝယ်မှုများဆောင်ရွက်ကြရန်၊ လမ်းသွားလမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများ နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တတ်နိုင်သမျှ နေအိမ်တွင်နေထိုင်ပြီး လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ အနည်းဆုံး ခြောက်ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်နှင့် လက်ကို ဆပ်ပြာ/လက်သန့်စင် ဆေးရည်ဖြင့် မကြာခဏ ဆေးကြောကြရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)