တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါအကြောင်း ကုသရေးနှင့်ကျန်းမာရေးကဏ္ဍ လူထုစကားဝိုင်း Zoom ဖြင့် ဆောင်ရွက်

တာချီလိတ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စာရေးဆရာအသင်းနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ၊ ကုသရေးနှင့်ကျန်းမာရေးကဏ္ဍခေါင်းစဉ်ဖြင့် Zoom Meeting လူထုစကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

Zoom Meeting တွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံသိန်း(မောင်ဖိုးစံ-ဒူးယား)က ပါဝင်တက်ရောက် ဆွေးနွေးကြသူများကို အမှာစကားပြောကြားခဲ့ပြီး Zoom Meeting လူထုစကားဝိုင်းကို စတင်ခဲ့ရာ တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်၊ ခရိုင်အထူးကုသမားတော် ဒေါက်တာ နေလင်းအောင် တို့က (New normal setting of Health care during Covid Era) "ကိုဗစ်ကာလ New Normal နဲ့ ကျန်းမာရေးကဏ္ဍ”၊ "ကိုဗစ်ရောဂါကိုဘယ်လိုကုမလဲ" စသည့်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့ကြရာ ပြည်သူများ စိတ်ပါဝင်စားစွာ ဝင်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သိကောင်းစရာ Zoom Meeting ကို LIVE ထုတ်လွင့်ပြုလုပ်ခဲ့ရာ မြို့နေပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြပြီး ပါဝင်တက်ရောက်ကြသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည် ဖြေကြားပေးခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများကို ပြုလုပ် ခဲ့ကြသည်။

ယနေ့ပြုလုပ်သော ကိုဗစ် -၁၉ အကြောင်း Zoom Meeting သည် ဒုတိယအကြိမ်ဖြစ်ပြီး မြို့နယ်စာရေးဆရာ အသင်းဝင်များ၊ ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုမြို့များမှ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူးများ၊ စာပေဝါသနာရှင် ပြည်သူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)