နောင်ချို ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နောင်ချိုမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ (DMO) ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
၎င်းနောက် နောင်ချိုမြို့နယ် ရွေးကောက်ခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်း၊ နောင်ချိုမြို့ နယ် ခရီးစဉ် ဒေသ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့် ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးဇော်ဇော်တို့မှ နောင်ချိုမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ နောင်ချိုကြီးတိမ်ပင်လယ်ခရီးစဉ်သစ် ဖော်ဆောင် ခြင်း၊ ကျောက်တောကျေးရွာ အခြေပြုခရီးသွားလုပ်ငန်း (CBT)ဖော်ဆောင်နိုင်ရေး၊ သင်တန်းများ ဖွင့်လှစ် နိုင်ရေး ကိစ္စရပ်များ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၂၁ တစ်နှစ်တာကာလအတွင်း မိမိတို့ဒေသအတွင်း ဆောင်ရွက် မည့် လုပ်ငန်းစဉ် Action Plan ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းများ၊Action Plan ရေးဆွဲရာတွင် အခြေခံရမည့် မဟာဗျူဟာ(၆) ရပ်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်လိုသည့် လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)