နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေး ဆွေးနွေး ညှိနှိုင်း

 

နောင်ချို ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ် ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရေး ဆွေးနွေးညှိနှိုင်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက နောင်ချိုကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့ ရွေးကောက်ခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်း၊ ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးဇော်ဇော်၊ နောင်ချိုမြို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက နောင်ချိုကြီးကျေးရွာ ခရီးသွားမြှင့်တင်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေးကိစ္စရပ်များအား အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး တိမ်ပင်လယ်စခန်းတွင် နားနေဆောင် များ တည်ဆောက် နေမှုများအား ကြည့်ရှု့ စစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်အား ခရီးစဉ်သစ် တစ်ခုအနေဖြင့် ဖော်ဆောင်နိုင်ရေးအတွက် ၂၀၂၁ခုနှစ်၊ နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး တစ်နှစ်တာ ဆောင်ရွက်မည့်လုပ်ငန်းစဉ် (Action Plan)ရေးဆွဲရာတွင် ထည့်သွင်း ရေးဆွဲ နိုင်စေရန်ရည်ရွယ်၍ ဆွေးနွေး ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)