မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်   မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ချမ်းအေးသာစံ ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရန်ကုန်မြို့တွင်ကျင်းပသည့် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် တိုင်းဒေသကြီးအတွင်းမှ လူငယ်ကိုယ်စားလှယ်များအား ဩဂုတ်၂၈ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံသည်။

 တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က နိုင်ငံ၏အနာဂတ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက် နိုင်မှုတွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်  စွမ်းရည်မြင့်မားမှုတို့သည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို များစွာ အထောက်အကူပြုကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေး တို့အတွက် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖိုရမ်သည် နိုင်ငံတစ်ဝန်းရှိ အနာဂတ်နိုင်ငံတာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်ခေါင်းဆောင်များအတွက် အခြေခံကျသည့်ဖိုရမ်ဖြစ်ပြီး နိုင်ငံတကာမှ ပညာရှင်များတက်ရောက်ဆွေးနွေးကြမည်ဖြစ်ကာ ဖိုရမ်တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် ရရှိလာမည့် ဆွေးနွေးပွဲအတွေ့အကြုံများနှင့် ဗဟုသုတများကိုအခြေခံ၍ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ထိရောက်စွာ ပြန်လည်ဖန်တီးပေးသွားရန် ကြိုးစားသွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဖိုရမ်သို့တက်ရောက်ကြမည့်  တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်များရွေးချယ်စေလွှတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြီးနောက် အုပ်ချုပ်သူများ၊ လူငယ်ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ချီးမြှင့်သည့် ငွေ(၁၂,၁၃၃,၀၀၀)ကျပ်ကို လူငယ်ကိုယ်စားလှယ်အဖွဲ့ထံ ပေးအပ်သည်။

ထွန်းထွန်းနိုင်