မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေနေမှု၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် သံရွာပြည်သူ့ဆေးရုံသို့  ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ဩဂုတ်၂၈ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေနေမှု၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် သံရွာပြည်သူ့ဆေးရုံသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလကျေးရွာ၊ ဇော်ဂျီရေသောက်စနစ်အတွင်းရှိ ငပြောင် ရေလွှဲဆည်၏ ရေသောက်ဧရိယာအတွင်းစိုက်ပျိုးရေပေးနေမှုအခြေအနေများကို ကြည့်ရှုသည်။ ယင်းနောက် သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး မြို့ဝင် မြို့ထွက် ယာဉ်များ ဖြတ်သန်းသွားလာမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ်  လုံခြုံရေး သတိ၊လုံခြုံရေးအသိတို့ဖြင့်လုပ်ငန်းများကို စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရေးမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံရွာပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီးက လူနာများ လက်ခံကုသပေးနေမှု၊  မန္တလေးငလျင်ကြီးကြောင့် ဆေးကုသဆောင်များ ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု၊  ကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေကြသူများအား လိုက်လံအားပေးထောက်ပံ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်