တောင်ကြီး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းများအား လူထူသိရှိစေရန်အတွက် သတင်းမီဒီယာများမှတဆင့်အသိပေးဖြန့်ဝေရန် ၊ ရှမ်းပြည်နယ်အနေဖြင့် ပြည်နယ်စီးပွားရေး တိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရန် ဆောင်ရွက်နေမှုများအား လူထုမှသိရှိပြီး ရှမ်းပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှု များ ပိုမိုစီး၀င်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း(SSIPP) ၂၀၂၀−၂၀၂၁ လုပ်ငန်းစီမံချက် နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်း(၂)နာရီအချိန်က Video Conferencing စနစ် ဖြင့် ကျင်းပပြုလုပ် ကြောင်း သိရှိရသည်။
သတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က အဖွင့်အမှာပြောကြားပြီး ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ညွန်ကြားရေးမှူး ဦးလေးနိုင်က ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း(SSIPP)ကို ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တွင် မဟာဗျူဟာ(၆)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော် မည့်အစိုးရဌာနနှင့် ပုဂ္ဂလိကအဖွဲ့အစည်း စုစုပေါင်းအရေအတွက်(၂၃)ဖွဲ့ ရှိကြောင်း၊ စီမံချက်အောင်မြင်မှုရလဒ်ကိုစောင့်ကြည့် ထိန်းကျောင်းမည့် အညွှန်းကိန်း အရေအတွက် စုစုပေါင်း(၁၁၃)ခုရှိကြောင်း၊ ဦးစားပေးကဏ္ဍများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများကဏ္ဍတွင် ခရီးသွားလုပ်ငန်း၊ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် စိုက်ပျိုးရေးနှင့် ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်း၊ အခြေခံအဆောက်အဦနှင့်စွမ်းအင်ကဏ္ဍတွင် ရေအားလျပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာမြင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများ၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် (SSIPP)အကြောင်း အကျဉ်းချုပ်ကို လည်းကောင်း၊ SSIPP တွင် ပါ၀င်သော အဖွဲ့အစည်းများ၊ OP ရေးဆွဲခဲ့ခြင်း လုပ်ငန်းစဉ် များ ၊ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ဆောင်မည့်လုပ်ငန်းအကျဉ်းချုပ် ၊ စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် အစီရင်ခံတင်ပြခြင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် သတင်းမီဒီယာများမှ သိရှိလိုသည်များ မေးမြန်းကြရာ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ညွန်ကြားရေးမှူးဦးလေးနိုင်က သက်ဆိုင်ရာမေးခွန်းများအား ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်