ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း ဆိုင်ကယ်ပြုပြင် ရေးသင်တန်းဆင်းပွဲကျင်းပ

ဟားခါး          ဒီဇင်ဘာ         ၂၁

ဟားခါးမြို့နယ ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ ၃ မှ စတင်၍ ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယနေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက“ကျွန်တော်တို့ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရွာ(၂)ရွာကို ရွေးချယ်ထားပါတယ်၊ ဒီဇင်ဘာလမှာစသင်ပေးပါတယ်၊ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ပြီးဖွင့်လှစ်သင်ကြား ပေးတာပါ၊ သင်တန်းကာလကတော့ တစ်ကြိမ်ကို (၁၈)ရက်ကြာပြီးတော့သင်တန်းနည်းပြကိုတော့ ဟားခါးက (၂)ဦးကိုဌားထားပါတယ်၊ ဆိုင်ကယ်ပြင်ဆိုင်လဲဖွင့်လို့ရအောင်ပြီးတော့ ဆိုင်ကယ်တစ်စီးလုံး ဖြုတ်တပ် အကုန် သင်ပေးပါတယ်။ အင်ဂျင်ခွဲတာအစသင်ပေးပါတယ်၊ သင်တန်းသား အနေနဲ့ တစ်ကြိမ်(၂၅)ဦးတက်ရောက်ပါတယ်။ သင်တန်းမှာအသုံးပြုဖို့ ပစ္စည်းဖိုး၊ သင်တန်းနည်းပြအတွက် သင်တန်းတစ်ကြိမ်ကို ငွေကျပ်(၂၄၅၀၀၀၀)ကို ထောက်ပံ့ ပါတယ်။ ဒီကနေ့မှာ တော့ ဖာရွန်းကျေးရွာမှာ ပြုလုပ်တဲ့ သင်းတန်းဆင်းပွဲပြုလုပ်ပါတယ်။ သင်တန်းသား အားလုံးကို သင်တန်းဆင်းလက်မှတ်နှင့် ဆိုင်ကယ်ပြင်ဆင်ရေး လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့ပေးပါတယ်။ နောက်ထပ် ဒီဇင်ဘာလ ၂၈ရက်နေ့ကစပြီး ဗန်ဟားကျေးရွာမှာ ဆက်ဖွင့်သွားမှာပါ ကုန်ကျငွေကတော့ အတူတူပဲဖြစ်ပါတယ်။ ပြည်ထောင်စုရန်ပုံငွေနှင့် ဆောင်ရွက်တာပါ”ဟု ပြောပြခဲ့ပါတယ်။

ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ခု ပြည်ထောင်စုရန်ပုံငွေ (၄၉၀၀၀၀၀)ဖြင့် ဟားခါးမြို့နယ် ဖာရွန်းကျေးရွာနှင့် ဗန်ဟားကျေးရွာတို့တွင် ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်း ထံမှ သိရှိရသည်။    

အောင်ခွီးရှိန်း