ဟားခါး ဒီဇင်ဘာ ၂၁
ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးစီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉နာရီအချိန်က COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mask Campaignကို ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့်လမ်းဆုံနေရာများ၊ စျေးများတွင် Mask တပ်ဆင်ခြင်းမရှိသူများ Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Maskတပ်ဆင် သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောပေးခြင်းတို့ကို ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Mask Campaignကို ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ တစ်ရက်လျှင် Mask အရေအတွက် (၁၀၀၀)နှုန်းဖြင့် ဖြန့်ဝေမည့် နေ့ရက်သတ်မှတ်၍ (၁၄)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)