အောင်မြေသာစံမြို့နယ်ရှိ အခြေခံပညာအထက်တန်း(အမျိုးသမီး)ကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေး ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၈၂လမ်း၊ ၂၄×၂၅ လမ်းကြား၊ အမှတ်(၈)အခြေခံပညာအထက်တန်း (အမျိုးသမီး)ကျောင်းရှိ အေးသီတာခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် အဖွဲ့ဝင်များ၊ လူကုန်ကူးမှုထားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု(မန္တလေး)မှ တပ်ဖွဲ့စုမှူး ရဲမှူး သူဇာလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အသင်းဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်သီတာနှင့် ဆရာမများ၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက အမှာစကားပြောကြားပြီး ရဲမှူး သူဇာလွင်က ဆက်သွယ်ရေးလိမ်လည်မှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ၎င်းနောက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး Video Clip ပြသရာ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်စံ၊ ပြန်/ဆက်)