ချမ်းအေးသာစံ ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှုကောင်းများရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများနှင့် ပို့ကုန်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပြီး တင်ပြလျှောက်ထားလာမှုနှင့် မြေပြင်တွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ယခင် (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယခုအစည်းအဝေးတွင် တင်ပြလျှောက်ထားလာမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကုမ္ပဏီများမှတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်