အမရပူရမြို့နယ်၊ ကန်ရိုးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် တမုတ်ဆိုးကျေးရွာအုပ်စု၊ ကန်ရိုးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အမရပူရခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် စီမံကိန်းဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကန်ရိုးကျေးရွာ၌ ကျေးရွာဖွံဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမမှာ အလျား (၅၂)ပေ၊ အနံ (၄၀)ပေ၊ အမြင့် (၁၂)ပေရှိပြီး၊ တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၅၀)၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေ ကျပ်သိန်း(၇၀)တို့ဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်