ပုဂံမြို့ဟောင်းရှိ အာနန္ဒာမြတ်စွာဘုရားကြီး ကွမ်းတောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော် (၂၀) တို့အား ရွှေသင်္ကန်း စတင်ကပ်လှူ

ညောင်ဦး ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အနန္ဒာမြတ်စွာဘုရားကြီး ကွမ်းတောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော် (၂၀)၊ နတ်မင်းကြီး (၄)ပါးတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ရွှေသင်္ကန်း စတင်ကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။

ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်ခြင်းအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးဦးစီးကော်မတီ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား တက်ရောက်ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် အာနန္ဒာမြတ်စွာဘုရားကြီး၊ တောင်ဘက်အာရုံခံတန်ဆောင်းနှင့် စောင်းတန်းတို့အား Easy Gold ဖြင့် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်ကောင်း၊ ဘုရားကြီး၏တောင်ဘက် အမိုးခုံးရှိ ရွှေများ၊ ရွှေမိုက်ထုတ်ရန်လုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ ခရိုင်သာသနာရေးဦးစီးဌာန၊ အာနန္ဒာမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အာနန္ဒာမြတ်စွာဘုရားကြီး ကွမ်းတောင်တော်၊ အထွဋ်စေတီ ၊မုခ်ကပ်ဆင်းတု တော်(၂၀)၊ နတ်မင်းကြီး (၄)ပါးတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်နေပြီဖြစ်ရာ စေတနာရှင်ပြည်သူများအနေဖြင့် မည်သူမဆို ရွှေသင်္ကန်းပါဝင်လှူဒါန်းနိုင်ပြီး ရွှေဆိုင်းအရွက်ရေတစ်ရာပါ တစ်ဆိုင်းလျှင် သုံးသိန်းကျပ်၊ ရွှေဆိုင်းအရွက်ရေ (၅၀)ပါ ရွှေဆိုင်းဝက်အား တစ်သိန်းခွဲကျပ်ဖြင့် ပါဝင်လှူဒါန်းနိုင်ကာ အာနန္ဒာမြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကရုံးသို့ တိုက်ရိုက်ဖြစ်စေ KBZ Pay ဖုန်းနံပါတ် ၀၉၂၀၄၂၉၇၅ သို့  ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း