ငါးသိုင်းချောင်းမြို့၌ စည်ပင်သာယာဈေးများနှင့် ဈေးဆိုင်များ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချရေး အဆက်မပျက် စစ်ဆေး

ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၂

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးများ၊ ဈေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ စစ်ဆေးရေးအဖွဲ့သည် စည်ပင်သာယာမြို့မဈေး၊ အောင်ဆန်းရပ်ကွက် ဈေးနှင့် မြို့တွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များသို့ လိုက်လံစစ်ဆေးခြင်း၊ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့၊ စည်းကမ်းထိန်း သိမ်းရေးအဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ငါးသိုင်းချောင်းမြို့၌ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိသည့်(A)အဆင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်(၁၁)ဆိုင်ရှိကြောင်း၊ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် စုစုပေါင်း (၄၀) ခန့်ရှိရာ (A)အဆင့် သတ်မှတ်စစ်ဆေးခံနိုင်ရန် ဆိုင်(၅)ဆိုင် ဆက်လက်လျှောက်ထား ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းများ ကို သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့် အဆက်မပျက် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း များကို နေ့စဉ် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းအချိန်နှစ်ချိန်ခွဲ၍ အဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောကြားသည်။

စိုးမင်းဦး(ပြန်/ဆက်)