ချမ်းအေးသာစံ စက်တင်ဘာ ၁
၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစား ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယ ကြံ့ခိုင်မှု ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်နှင့် ကော်မတီဝင်များက ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသား Fitness Physique Open ပြိုင်ပွဲတွင် သရုပ်ပြတင်ဆက်ခဲ့သူအား ဂုဏ်ပြုငွေများ၊ အမျိုးသား Sport Physique Up to 170 cm ပြိုင်ပွဲ၊ အမျိုးသား Sport Physique Over 170 cm ပြိုင်ပွဲ၊ အမျိုးသား Athletic Physique Up to 170 cm ပြိုင်ပွဲ၊ အမျိုးသား Athletic Physique Over 170 cm ပြိုင်ပွဲ နှင့် အသက် ၂၁ နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲတို့တွင် ဆုရရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးများက (၅၅)ကီလိုတန်း၊ ကီလို(၆၀)တန်း၊ (၆၅)ကီလိုတန်း၊ ကီလို(၇၀)တန်းနှင့် (၇၅)ကီလိုတန်း ကာယဗလမောင် ပြိုင်ပွဲတို့တွင်ဆုရရှိသူများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက အမျိုးသမီး Model Physique Up to 160 cm ပြိုင်ပွဲ၊ အမျိုးသမီး Model Physique Over 160 cm ပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique Open ပြိုင်ပွဲတို့တွင် ရရှိသူများအား ဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး Fitness Physique Open ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က (၇၅)ကီလိုအထက် ကာယဗလမောင်ပြိုင်ပွဲတွင် ဆု ရရှိသူများကို လည်းကောင်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်