နောင်ချို မတ် ၂၀
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျန်းမာရေးဦးစီးဌာန၊ ရွှေပုလဲအသင်းနှင့် Save The Children တို့ ပူးပေါင်း၍ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲ ကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရန် အနီးကပ်ဆုံး မိသားစုဝင်က အရေးကြီးကြောင်း၊ မသန်းစွမ်းကလေးငယ်ပေါင်း ၁၀ ရာခိုင်နှုန်းသာ ကျောင်းတက်ကြပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်ပေါင်း ၅ ရာခိုင်နှုန်းသာလျှင် အခြေခံမူလတန်းပညာရေးကို ဆုံးခန်းတိုင် သင်ယူနိုင်ကြကြောင်း၊ မသန်စွမ်းသူများအတွက် မိသားစုဝင်များ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများအနေဖြင့် ခွဲခြားဆက်ဆံခံရမှု လျော့နည်းပပျောက်စေရန်နှင့် လူမှုအသိုင်းအဝိုင်း တွင် ဝင်ဆံ့လာနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကို၊ ရွှေပုလဲ တာဝန်ခံ ဦးထက်ထက်ဟိန်း၊ Save the Children မှ ဒေါ်ချိုသဲပိုတို့က မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်မှုများ၊ မသန်စွမ်း သူပြုစုပျိုးထောင်မှုများ၊ မသန်စွမ်းသူများကို အတားအဆီးဖြစ်စေနိုင်မှုများကို လျော့ချစေနိုင်မှုများကို ဆွေးနွေးခဲ့ကြပြီး မသန်စွမ်းမှုကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ရရှိအောင်၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်သော ဝန်ထမ်းများအား မသန်စွမ်းမှုဆိုင်ရာ နည်းပညာသင်တန်းများ ပေးသင့်ပါကြောင်း၊ ဆေးရုံ အဆောက်အအုံများတွင် အဆင်ပြေချောမွေ့မှုရှိလာအောင် လုပ်ဆောင်ပေးသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြသည်။
ယနေ့ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို)၊ပြန်/ဆက်