ပြင်ဦးလွင် ဒီဇင်ဘာ ၂၂
ပြင်ဦးလွင်မြို့နယ်တွင်းရှိ Facility Quarantine Center များတွင် သတ်မှတ်အရေအတွက် ရောက်ရှိ ပြီဖြစ်သောကြောင့် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီတို့ပါဝင်သောအဖွဲ့မှ သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇာနည်မောင်၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်များ ဖြစ်ကြသော ရပ်ကွက်ကြီး ၁ မှ ၁၀ အတွင်း ကိုဗစ် - ၁၉ ရောဂါ positive လူနာများနှင့် ထိစပ်မိသူများအား Quarantine ထားရှိရန် Quarantine စင်တာကို ပြင်ဉီးလွင်ခရိုင် အားကစားကွင်း အတွင်း ပြင်ဆင်လျက်ရှိရာ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် နယ်မြေ(၅) ခုမှ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် နယ်မြေ(၁) အတွက် ဝက်ဝံကျေးရွာ အထက်တန်းကျောင်း၊ နယ်မြေ(၂) ရွှေသင်းကျေးရွာအထကခွဲ၊ နယ်မြေ(၃) ရပ်ကွက်ကြီး (၁၇) ရှိ တောင်စလင်းဘုန်းကြီးကျောင်း၊ နယ်မြေ (၄) ဆင်လမ်း ကျေးရွာအထကကျောင်း၊ နယ်မြေ (၅) ရပ်ကွက်ကြီး(၂၁) အထက်တန်းကျောင်းများတွင် အသီးသီး ပြင်ဆင်လျက်ရှိရာ Quarantine Center တစ်ခုလျှင်ပျမ်းမျှလူဦးရေ (၂၀၀) ခန့်ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြတ်ဆုမွန်