ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်လက်တွေ့အသုံးပြုပုံများအကြောင်း မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်‌စေရန် ရည်ရွယ်၍ မြို့‌နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်၍ စစ်ကိုင်း- မန်းလမ်း၊ ၇၈လမ်း၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ မြတ်စောညီနောင် ဓမ္မာရုံအတွင်း (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ အဖွင့်အမှာစကားပြောကြားပြီး‌နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး ပညာရေးဝန်ထမ်း (၃) ဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်တပ်ဆင်အသုံးပြုပုံများအား ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသော ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။  

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဗိုလ်မှူး ထွန်းဇံဖြူ၊ အဖွဲ့ဝင် (၂) ဦးတင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် ရွေးကောက်ပွဲကော်မရှင်အ‌ဖွဲ့ခွဲဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)