ကျောက်ဆည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အား မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ကျောက်ဆည် စက်တင်ဘာ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေ‌ထွေ ရွေးကောက်ပွဲနှင့်ပတ်သတ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အား လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၂ ရက်နေ့ နံနက် (၁၀) နာရီက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က မြို့နယ်အတွင်း ဆောင်ရွက်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နွဲ့နွဲ့ခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်အကြောင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း (၄၅၀) ဦးခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)