ကာလိမြို့၌ “A” အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်များ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး

ကာလိ  ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ရှိ  စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည့် ဆိုင်သို့ ရောက်ရှိလာသည့် စားသုံးသူများ အားလုံးကို အဝင်အထွက်တွင် ကိုယ်အပူချိန်တိုင်းတာစေခြင်း၊ ဆိုင်အဝင်/ထွက်တွင် လက်ဆေးဘေစင် ဆောင်ရွက်ထားခြင်း၊ အတူလာရောက်ခြင်းမဟုတ်သည့် စားသုံးသူများ သီးခြားစီ စားနိုင်စေရန် တစ်ဦးနှင့်တစ်ဦးအကြား အကာ(သို့မဟုတ်) အကန့်ပါရှိသည့် စားပွဲများစီစဉ်ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဗွီနိုင်းများ လူအများမြင်သာသည့်နေရာတွင် ဆောင်ရွက်ထားစေခြင်း၊ ဆိုင်ဝန်ထမ်းများ အတွက် နှာခေါင်းစည်း (Mask)များနှင့် မျက်နှာကာ၊ လက်အိတ်များကို လုံလောက်စွာထားရှိပေးခြင်း စသည့် ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဆိုင်တွင်လိုအပ်သည့် ဆောင်ရွက်ထားရှိရန်အချက်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ စည်ပင်သာယာရေး ဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကိုဗစ်-၁၉  ရောဂါ ကြိုတင် ကာကွယ်၊ တားဆီးရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)