မိုးညှင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာများတွင် ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ရေပျော်ငှက်မျိုးစိတ်အသစ်ဖြစ်သည့် ရေညှောင့်ငှက်မျိုးစိတ် အပါအဝင် ရေပျော်ငှက်(၃)မျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယခုနှစ်အတွင်း တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည့် ရေပျော်ငှက်မျိုးစိတ်အသစ်များမှာ မြန်မာနိုင်ငံအတွင်း တစ်ကြိမ်တစ်ခါမှ မတွေ့ရှိဘူးသေးသည့် ရေညှောင့် Red-necked Phalarope - (Phalaropus lobatus)၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် လာရောက် ကျက်စားဖူးခြင်းမရှိသေးသည့် တောဘဲငန်း Greater White-fronted Goose (Anser albifrons) နှင့် တောင်ပံဖြူမြစ်တွေး White-winged Tern(Chlidonias leucopterus) အစရှိသည့် ရေပျော်ငှက်မျိုးစိတ်အသစ်များဖြစ်သည်။
အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာအတွင်း ယခင်ကရေပျော်ငှက်မျိုးစိတ်(၁၁၀) အထိတွေ့ရှိမှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ယခုတွေ့ရှိသည့် မျိုးစိတ်အသစ်(၃)မျိုးပေါင်း လျှင် လက်ရှိအချိန်အထိ ရေပျော်ငှက်(၁၁၃)မျိုးအထိ တွေ့ရှိမှတ်တမ်းတင် ထားနိုင်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။
ဆောင်းရာသီတွင် ကမ္ဘာ့မြောက်ဘက်ခြမ်းမှ ငှက်မျိုးစိတ်များသည် အီကွေတာနှင့် နီးရာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အာရှနိုင်ငံများရှိ ရေဝပ်ဒေသများသို့ ဆောင်းခိုရန် ပြောင်းရွှေ့ကျက်စားလျက်ရှိရာ ကမ္ဘာပေါ်တွင် ၎င်းတို့အသုံးပြုသော ငှက်များပျံသန်းရာ လမ်းကြောင်း(၉)ခုရှိရာ မြန်မာနိုင်ငံသည် ဗဟိုအာရှငှက်ပျံသန်းရာ လမ်းကြောင်း(Central Asia Flyway)နှင့် အရှေ့အာရှ -ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း(East Asia Australia Flyway)(၂)ခုတွင်ပါဝင် ကျရောက်လျက်ရှိရာ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်း ရာလမ်းကြောင်း ပေါ်တွင် ကျရောက်လျက်ရှိခြင်းကြောင့် နှစ်စဉ်ဆောင်းခိုငှက် ကောင်ရေ ၃၀၀၀၀ ကျော်အထိ လာရောက်ကျက်စား ဆောင်းခိုလျက် ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေး မှူးရုံးမှသိရသည်။
အင်းတော်ကြီးကန်နှင့်ဆက်စပ်ရေဝပ်ဒေသများကို အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာ လမ်းကြောင်းရှိအရေးကြီး ရေဝပ်ဒေသ အဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Wetland Link International (Asia) – WLIAsia အဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)