ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း(Mask) များ (အခမဲ့) ဖြန့်ဝေ

ကန်ကြီးထောင့်   ဒီဇင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရေး အသိပညာပေးခြင်းများနှင့် စစ်ဆေးကြပ်မတ် ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ပြည်သူများထံ ပါးစပ်နှင့်နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များက မြို့အဝင် လမ်းဆုံတွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် စနစ်တကျ တပ်ဆင်မှုရှိစေရေး အသိပညာပေးခြင်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)