ကျုံပျော် ဒီဇင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်းချ သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့မဈေးကော်မတီအဖွဲ့များ ဦးဆောင်၍ ဈေးရောင်းသူ များတွင် Mask နှင့် Face Shield တပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး မတပ်ဆင်ပါက ဒဏ်ကြေးသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးဝယ်သူများအားလုံးလည်း Mask တပ်ဆင်ပြီးမှ ဈေးအတွင်း ဝင်ရောက်စေကြောင်း၊ ယခုရက်ပိုင်းအတွင်း ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ် ရောင်းချခြင်းပြုထားသော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဆိုင်များအားလုံး နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိသာ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက် အထိ ဓာတ်ခွဲနမူနာပေါင်း (၂၃၄၃) ဦး စစ်ဆေးပြီးဖြစ်ကာ အတည်ပြုလူနာ(၂၄၆)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၀၅)ဦး၊ သေဆုံးလူနာ (၁)ဦးတို့ရှိခဲ့ပြီးကြောင်း၊ အတည်ပြုလူနာ (၄၀)ဦးကို ဆက်လက် စောင့်ကြည့် ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)