မယ်စဲ့ ဒီဇင်ဘာ ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့သည် ဟိုဂျစ်၊ မယ်ဆည်နမ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၊ နမ့်မန်း၊ ဝမ်ကန်၊ ဟိုစဲ့ကျေးရွာ၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ဆောင်ရွက်ရန် တင်ပြလာသည့် အဆိုပြုလုပ်ငန်းများဖြစ်သော ကျေးရွာရေရရှိရေးလုပ်ငန်း၊ လမ်း၊ တံတားနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများအား မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် မယ်စဲ့ချောင်း ရေစီးရေလာကောင်းမွန်ရေး အတွက် ပြန်လည် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် တောင်သူလယ်သမားများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)