ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၂၂

တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊  ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ယမန်နေ့ညနေ (၆)နာရီ အချိန် က နေရပ်ပြန်ပြည်သူ (၉)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၉)ဦးတို့မှာ အမျိုးသား(၃)ဦး၊ အမျိုးသမီး (၆)ဦးတို့ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ (၁)ဦး၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်မှ (၃)ဦး၊ နမ္မတူမြို့နယ်မှ (၂)ဦး၊ ကွတ်ခိုင်မြို့နယ်မှ (၁)ဦး၊ မိုးမိတ်မြို့နယ်မှ (၁)ဦးနှင့် ကွမ်းလုံမြို့နယ်မှ (၁)ဦး တို့ဖြစ်သည်။

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၉)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ (၁)ဦးအား ကွမ်းလုံမြို့နယ်မှတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ Quarantine Center သို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ (၈)ဦးတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊  အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး  ချင်းရွှေဟော်မြို့၊  ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များရယူပြီး မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။ 

ဇင်ဇင်(ပြန်/ဆက်)