တာလေ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များ နှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့်ပြု နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၊ မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမနားရှီးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့ပါဝင်သော အဖွဲ့တို့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကူးစက် ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပါဆယ်စနစ်(Take Away) ဖြင့်သာ ရောင်းချခွင့်ပြုထားခဲ့ရာ ယခုတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ကျန်းမာရေးစစ်ဆေးချက်များအရ A အဆင့် (၅)ဆိုင်နှင့် B အဆင့် (၆)ဆိုင် ရရှိသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိရန်များ၊ ဆိုင်ပိုင်ရှင်၊ ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများ လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေး ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ဆောင်ရွက် ထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)