မိတ္ထီလာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းနှင့်စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းနှင့် စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်စာဖတ်ဝိုင်းနှင့် စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါ်မော်မော်က အဖွင့်အမှာစကားနှင့်လူငယ်စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ၎င်းနောက် စကားရည်လုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  မိတ္ထီလာခရိုင် ပညာရေးမှူး ဒေါ်မော်မော်၊ မြို့နယ်စာရေးအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက်  လူငယ်စာဖတ်ဝိုင်းကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ ဖတ်မှတ်လေ့လာထားသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း ပါဝင်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်စာရေးအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖြည့်စွက်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမှုအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သည်။

အဆိုပါ လူငယ်စာဖတ်ဝိုင်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)