မိုင်းပျဉ်းမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ A အဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မိုင်းပျဉ်း ဒီဇင်ဘာ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်(၁၀)နာရီ အချိန်က   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များ ဆောင်ရွက်ထားခြင်းရှိ/ မရှိကို တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူးဦးဇင်ထက်ဝေ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးစိန်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမြအေးနှင့်ဆရာမများ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဦးနှင့်တာဝန်ရှိသူများက မိုင်းပျဉ်းမြို့ အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၃၇)ဆိုင်သို့ သွားရောက်၍ ဆိုင်များဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စစ်ဆေးခြင်းပုံစံတွင် ပါရှိသည့်အချက်အလက်များနှင့် မြေပြင်ဆောင်ရွက်ထားရှိမှုများအား တိုက်ဆိုင်စစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ဆေးခြင်းပုံစံတွင်ပါဝင်သော အချက်များ အားလုံးပြည့်စုံပါက(A)အဆင့် သတ်မှတ်၍ ဆိုင်များဖွင့်လှစ်ရန် သင့်လျော်သည်ဟု သတ်မှတ်ကာ စားသောက်ဆိုင်များ ဖွင့်လှစ်ရန်အတွက်    ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်၊ ပြန်/ဆက်