မိုင်းရှူး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာအား ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဆေးရုံမှ ဆင်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာသည် မိုင်းရှူးမြို့ပြည်သူ့ဆေးရုံတွင် ဒီဇင်ဘာလ ၄ရက်နေ့မှ ၁၅ရက်နေ့အထိ ဆေးရုံ Isolation Ward တွင် တက်ရောက်ကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဒီဇင်ဘာ ၁၅ရက်နေ့မှ ၂၂ရက်နေ့အထိ Hospital Quarantine ထားရှိရာ သတ်မှတ်ရက်ပြည့်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းနှင့် Home Quarantine(၇)ရက် ထပ်မံနေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ပြုသည့် အမျိုးသားအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နီချစ်တို့က အားပေးစကားပြောကြားပြီး ပါးစပ်/နှာခေါင်းစည်းများ၊ လက်ဆေးရည်များ ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း နေထိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီး Quarantine ထားရှိစဉ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ပြီး ဖြစ်ကြောင်း ထောက်ခံချက် ပေးအပ်ခဲ့သည်။
လက်ရှိတွင် မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာအမျိုးသားတစ်ဦး ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ၎င်း၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)