ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမျိုးသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)