မယ်စဲ့မြို့နယ်တွင် အခြေခံမွေးမြူရေးသင်တန်း ဖွင့်လှစ်ခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး များ အခမဲ့ ထိုးနှံပေး

မယ်စဲ့  ဒီဇင်ဘာ ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံမွေးမြူရေး ပညာပေးသင်တန်းကို ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲက နမ့်မန်းကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ဘောလခဲခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ဝင်းသန်းက မွေးမြူရေးတောင်သူများ အနေဖြင့်  ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့်အညီ မွေးမြူတတ်စေရန်နှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာစောသေးရယ်တို့က နမ့်မန်းကျေးရွာမှ မွေးမြူသူတောင်သူများအား ကျွဲ၊ နွား မွေးမြူရေးကဏ္ဍတွင် တစ်ပိုင်တစ်နိုင် စနစ်တကျ မွေးမြူခြင်းနည်းစနစ်များ၊ ကူးစက်စက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေး နည်းစနစ်များနှင့် တိရိစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်တတ်သော ရောဂါများ အကြောင်းကို ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခဲ့ပြီး ကျေးရွာတွင်း၌ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)