နောင်မွန် ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု ကာကွယ်ရေး စီမံချက်လုပ်ငန်းသင်တန်းကို ယနေ့နံနက် ၉ နာရီ ခန့်မှစ၍ လုံမောင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရန်ပိုင်စိုးကမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင် များအားလုံး ခုခံအားကျခြင်းနှင့် ကာလသားရောဂါ စစ်ဆေးပေးရန်၊ ရောဂါတွေ့ရှိခဲ့လျှင် ဆက်လက်လုပ်ဆောင် ရမည့်လုပ်ငန်းများနှင့် ဆေးပေးနိုင်ရေး ကိစ္စများများအား လမ်းညွှန်ချက်နှင့်အညီ ပေးဝေရန်၊ သင်တန်းကာလအတွင်း သိလိုသည်များကို ဆွေးနွေးနိုင်ရန်နှင့် ကြုံတွေ့ရမည့် အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ထွန်းနှင့် ဓာတ်ခွဲမှူး ဒေါ်နွယ်နွယ်စိမ်းတို့က ကိုယ်ဝန်ဆောင် မိခင်များ ဆစ်ဖလစ်ရောဂါ ကူးစက်မှုမရှိစေရေး၊ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗီပိုး ကူးစက်မှု ကာကွယ်ခြင်းစသည့် စောင့်ရှောက်ကုသရမည့် နည်းလမ်းများကို သင်တန်းကာလ ၃ ရက်အတွင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ (၃ဝ)ဦး တက်ရောက်ကြောင်းနှင့်သင်တန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)