လွိုင်ကော် ဒီဇင်ဘာ ၂၂
လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၅) ကျောင်းရှိ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများအား C4M Mobile Application အသုံးပြုနည်း မြို့နယ်အဆင့် ဆင့်ပွား သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းပို့ချရာတွင် C4M - Communication For Management အသုံးပြု၍ အခြေခံပညာကျောင်းများ တစ်ကျောင်းချင်းအလိုက် ကျောင်းအုပ်ကြီးများ (သို့) တာဝန်ခံကျောင်းအုပ် များမှ C4M Application ကို အသုံးပြု၍ Website မှတစ်ဆင့် အခြေခံပညာကျောင်း အချက်အလက်များ၊ ကျောင်းသားဆရာလချုပ်စာရင်းများအား ဖြည့်သွင်းပေးပို့ခြင်းအားဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်သကဲ့သို့ ဖြည့်သွင်း ထားရှိသည့် ကျောင်းဆိုင်ရာ အချက်အလက်များ၊ ကျောင်းသားလချုပ် စာရင်းများကို Excel File ဖြင့် Export (or) Download ပြုလုပ်နိုင်မည်ဖြစ်ရာ ယခင်ကျောင်းသား လချုပ်များကို မြို့နယ်ပညာရေးမှူး ရုံးများသို့ စာရွက်စာတမ်းများဖြင့် ပေးပို့ရသည်ထက် ပို၍ အချိန်၊ ကုန်ကျစရိတ်စသည်များ သက်သာစေမည်ဖြစ်ပြီး အခြေခံပညာကျောင်းများ အားလုံးပါဝင်သည့် ICT ဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်သည့် အလေ့အကျင့်များ တိုးတက် အားကောင်းလာမည့် ရည်ရွယ်ချက်ဖြင့် သင်တန်း ပို့ချရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဒီဇင်ဘာလ ၂၁ ရက် မှ ၂၂ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မနက်ပိုင်းတွင် သင်တန်းသား ၊ သင်တန်းသူ ၃၂ ဦး နှင့် နေ့လယ်ပိုင်းတွင် သင်တန်းသား ၊ သင်တန်းသူ ၃၃ ဦးဖြင့် နှစ်ပိုင်းခွဲပြီး သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းဆရာများအဖြစ် ဦးစူးရယ် TEO ကြီးကြပ်ရေးမှူးနှင့် နည်းပြ ဒေါ်သင်းသင်းဝင်း ကွန်ပျူတာမှူး ဒေါ်ဝင်းရီ အလယ်တန်းပြ (PGDMA) အ.ထ.က (၂) တို့က သင်တန်း ပို့ချလျက်ရှိကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)