ကျောက်မဲ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် Mask Campaign ကို မြို့ပေါ်ရှိ ဈေးများတွင် ယနေ့နံနက် ၆ နာရီကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို မြို့နယ်အုပ်ချုပ်မှူး ဦးနိုင်ဝင်း ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဝန်ထမ်းများ၊ နမ့်ခုံး ရှမ်းများပရဟိတ၊ ကျောက်မဲနာရေးကူညီမှုအသင်း၊ အုမ်တမောဝ်လူမှုကူညီရေးအသင်းနှင့် ရဋ္ဌပါလ လူမှုကူညီရေးအသင်းတို့မှ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး လူစည်ကားရာနေရာများဖြစ်သည့် မြို့ပေါ်ရှိ ဗဟိုဈေးကြီး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ဘူတာဈေးအနီးရှိ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြပြီး ဈေးရောင်း/ ဈေးဝယ်သူများနှင့် နေအိမ်ပြင်ပထွက်လာသူများကို Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းများပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ခရီးသွားရာဇဝင် မရှိ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိဘဲ ဒေသတွင်း ကူးစက်မှု ဟုယူဆရသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦးကို ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရှိခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)