မိုင်းလုံမြို့ ဆည်မြောင်းဦးစီးဌာနမှ ရေပေးမြောင်းကျောက်(Lining)စီခြင်း လုပ်ငန်းဆောင်ရွက်

မိုင်းလုံ  ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆည်မြောင်းဦးစီးဌာနမှ ရေပေးမြောင်းကျောက် (Lining)စီခြင်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေပေးမြောင်းသည် ဆည်မှရေများကို လယ်အတွင်း ပို့ဆောင်ပေးသော ရေမြောင်းဖြစ်၍ အကျိုးပြု လယ်ဧက (၁၉၄) ဧက ရှိပြီး ရေပေးမြောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် (၂၈)သန်းဖြင့် မိုင်းလုံမြို့ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ ဆောက်လုပ်ပြီးစီးမှု (၅၅)ရာခိုင်နှုန်းခန့် ပြီးစီးကြောင်းကို မိုင်းလုံမြို့ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယခင်က လယ်ဆင်းချိန်တွင် မြောင်းအတွင်းရှိ နှုံးမြေများ၊ ခြံနွယ်များ၊ အမှိုက်များကို နှစ်တိုင်းရှင်းလင်းရပြီး ယခုလို ရေပေးမြောင်းကို ကျောက်စီပေးသောကြောင့် အလွန် ကျေးဇူးတင်ကြောင်းနှင့် ယခင်ကအခက်အခဲများကို ကျော်လွှားပြီး လယ်လုပ်ငန်းများကိုလည်း အဆင်ပြေစွာ လုပ်ကိုင်နိုင်သည့်အတွက် ဝမ်းမြောက်ကြောင်း တောင်သူတစ်ဦးမှ ပြောကြားခဲ့သည်။

ဇော်ဇော်(ပြန်/ဆက်)