နောင်ချိုမြို့နယ်၊ ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းစီမံချက် အတွက် သိန်း(၁၀၀၀)ခွင့်ပြုလျာထား

နောင်ချို ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံချက်အတွက် နောင်ချိုမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ကျောက်တော (စံပြ) ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) အဆောက်အဦများကို လေ့လာကြည့်ရှုပြီး ရွာလည် အစည်းအဝေးခန်းမတွင် (CBT) ကော်မတီဝင်များ၊ အမျိုးသမီး ခေါင်းဆောင်များ၊ ဆယ်အိမ်စုမှူးများ နှင့်တွေ့ဆုံကာ ကျောက်တော(စံပြ)ကျေးရွာအား ရှမ်းပြည်နယ်အစိုးရမှ Tourism Village စီမံချက် ဆောင်ရွက်ရန် ကျပ်ငွေသိန်း(၁၀၀၀)ခွင့်ပြုလျာထားခဲ့ကြောင်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစီမံချက် ရေးဆွဲ တင်ပြနိုင်ရန် လိုအပ်သည်များ ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT)ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းလှိုင်က ကြိုတင်ညှိနှိုင်းထားသည့်စီမံချက်များကို တင်ပြခဲ့ရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်အကြံပြု လမ်းညွှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)