မြန်အောင် ဒီဇင်ဘာ ၂၂
မြန်အောင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၂)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၂၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် (၃၀)သန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးခြင်း ဖြစ်ပြီး မတည်ရန်ပုံငွေဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံလည်ပတ်စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်း(၂)ယူနစ် ကျေးရွာများတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာများတွင် စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်း၊ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း၊ စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းရေးသွင်းနည်း သင်တန်းပို့ချခြင်းမျာအား ဆောင်ရွက်ပြီး ဖြစ်သောကြောင့် မကြာမီ စီမံကိန်း စတင်လည်ပတ် နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ(၂၇)ရွာတွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း လုပ်ငန်းစဉ်အရ သက်ဆိုင်ရာ ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲပြီး ကျေးရွာလူထုမှ ရွေးချယ်ထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ငွေကျပ် (၁၀)သန်းစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျေးရွာမှထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ကာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် လက်ထောက် ညွှန်ကြားရေးမှူး (နည်းပညာ)ထံမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)