မိုင်းပန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်

မိုင်းပန် မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့်  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၅နာရီခွဲက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊အပူချိန်တိုင်းတာပေးခြင်းနှင့် Maskများ တပ်ဆင်ပေးခြင်းတို့ကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းနောင့်၊မဲဆန္ဒနယ်အမှတ်(၂) ဦးစိုင်းအောင်ခမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်ခိုင်တို့ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွဋ်ဦးရှိန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ အများပြည်သူ သွားလာနေသည့် ကားဂိတ်များ၊ ခရီးသွားပြည်သူများနှင့် မြို့မစျေးကြီးတို့တွင် တစ်ဦးချင်း ပညာပေး ဆောင်ရွက်ခြင်း၊ ရှမ်းဘာသာ/မြန်မာဘာသာနှင့် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်း စာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့အဝင်နှင့် လူစည်ကားရာ နေရာများတွင် အဆိုပါ ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆိုင်းဘုတ်များလည်း စိုက်ထူခဲ့ကြောင်းသိရှိရသည်။

ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ကျန်းမားရေးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍လည်း ပြည်သူ့ စကားဝိုင်းများ၊ ဟောပြောပွဲများကို ရပ်ကွက် ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။

အိရွှေစင်လတ်