ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

ဖျာပုံ  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို နေ့နံနက် ၁၁ နာရီအချိန်က ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါလှူဒါန်းပွဲသို့ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနာယက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဖျာပုံခရိုင် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုးတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်နေမှု များအား ရှင်းလင်း ပြောကြားကြသည်။

ထို့နောက် ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်းသော PPE၊ ခွဲခန်း သုံးလက်အိတ်၊ FamilyCareလက်ဆေးဆပ်ပြာရည်၊ ရေမလိုလက်သန့်ဆေးရည်စသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆက်စပ် ပစ္စည်းများအား ခရိုင်/မြို့နယ် ကိုဗစ်ကော်မတီနာယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေကပေးအပ်ရာ၊ ဖျာပုံပြည်သူ့ ဆေးရုံကြီးအတွက် ပစ္စည်းများကို ဖျာပုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်မာစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါလှူဒါန်းရာတွင် ခရိုင်ပြည်သု့ဆေးရုံကြီးအတွက် တန်ဖိုးငွေကျပ် (၁၂၀၉၆၇၃)သိန်း၊ မြို့နယ်ကိုဗစ်ကော်မတီအတွက် လှူဒါန်းပစ္စည်းတန်ဖိုးကျပ် (၆၄၁၀၈၂)သိန်း၊ စုစုပေါင်းတန်ဖိုးကျပ် (၁၈၅၀၇၅၅)သိန်း တန်ဖိုးရှိကြောင်း သိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)