နမ္မတူမြို့နယ်၌ မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ဒဏ်ငွေရိုက်ကာ ကြပ်မတ်ဆောင်ရွက်

နမ္မတူ ဒီဇင်ဘာ ၂၂

နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀) ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်ရှိ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်စေရေး အသိပညာပေး၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင် လာသော ဒေသခံပြည်သူ (၃၅) ဦးအား ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ၍  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေ ခဲ့ကြောင်း သိရသည်။    

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရက်သတ္တတစ်ပတ်လျှင် (၂)ကြိမ်နှုန်း ကြပ်မတ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလမှ ယနေ့အချိန်အထိ နှစ်လကျော်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၁၀၂၀)ဦးခန့်အား ဒဏ်ငွေရိုက် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

လူမော် (ပြန်/ဆက်)