မြစ်သား ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စာရေးဆရာအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများ အသင်း Book Club အဖွဲ့ဝင်များသည် စာရေးဆရာဖေမြင့်၏ "မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ- ၁ "စာအုပ်အားစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အတွေးအခေါ် ပိုမိုရင့်သန်လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာ စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး(ကဗျာဆရာမ) ခင့်မိုးခင်က အဆိုပါစာအုပ်မှ မျှော်လင့်ချက်သည် လူ၏အသက် ၊ လူဟူသည် ကျွန်းတစ် ကျွန်းပမာအထီးတည်းမဟုတ်ပါ၊ ဘဝခရီး၊ နေ့တိုင်းဘဝသစ်စနိုင်သည်၊ ဝိရိယဟူသည်ဇွဲနှင့်သတ္တိ၊ ကျောက်တောင် နှင့် ဒီလှိုင်း၊ သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာနှင့် မိတ်ကောင်းဆွေကောင်း ဟူသည် စသည့်ခေါင်းစဉ် များဖြင့် ဦးဆောင် ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
စာရေးဆရာဖေမြင့်၏ "မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ -၁" စာအုပ်ပါ အကြောင်းအရာများအား အကောင်းဆုံး ဆွေးနွေးနိုင်သည့် ကျောင်းသား/ကျောင်းသူ (၅)ဦးအား သုတရသစာအုပ်များကို ကဗျာဆရာမ ခင့်မိုးခင်မှ အမှတ်တရ လက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြမြမွန်(ပြန်/ဆက်)