ဖရူဆို ဒီဇင်ဘာ ၂၂
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်း ကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ် ဖွင့်လှစ်သော အခြေခံပန်းအလှပြင်သင်တန်းကို ၅ ရက်ကြာ သင်ကြားပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်က သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းရုံးမှ သိရသည်။
သင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်သောလုပ်ငန်းဖြစ်ရာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်တိုးတက်စေရေး အသက်မွေးဝမ်းကျောင်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ရွာဒေသအတွင်း ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် အမျိုးသမီးများ ဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပန်းအလှပြင်သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှ ရရှိသော ပညာရပ်များကို မိမိတို့ရပ်ရွာတွင် လက်တွေ့ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြား သည်။
အဆိုပါ အခြေခံပန်းအလှပြင်သင်တန်းတွင် မြို့နယ်အတွင်းရှိ ပန်းချစ်မြတ်နိုးသူ အမျိုးသမီး (၁၅) ဦးကို အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ (၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)